Post by Maung YIT
Founder & CEO at MoeMaKa Multimedia
နိုင်မွန်အောင်သွင် - အကယ်ဒမီမြို့ Art - Aung Htet အကယ်ဒမီမြို့ နိုင်မွန်အောင်သွင် (မိုးမခ) ဇူလိုင် ၅၊ ၂၀၂၆ အကယ်ဒမီမြို့မှာ စိတ်ကြီးဝင်နေတဲ့ဒလန်တွေရှိတယ်။ အကယ်ဒမီမြို့မှာ ချုပ်ရိုးပြုတ်နေတဲ့အလံရှူးတွေရှိတယ်။ အကယ်ဒမီမြို့မှာ လျှာတွေဓာတ်လိုက်နေတဲ့ပွဲစားတွေရှိတယ်။ အကယ်ဒမီမြို့မှာ အပြုံးသေတွေထဲ လဲပြိုနေကျရွှေကြိုတွေလည်းရှိတယ်။ အကယ်ဒမီမြို့မှာ နောက်ကျောမလုံတဲ့ဟန်ကိုယ့်ဖို့သစ္စာတရားဟာ လူတကာနဲ့အိပ်တဲ့ရိုးရာတေးပဲဖြစ်တယ်။ အကယ်ဒမီမြို့မှာ သေမထူးနေမထူးအတွေးအခေါ်တွေဟာ နေရာတကာ အရိုင်းဆန်ဆန်ပေါက်ဖွားနေတဲ့ပေါင်းပင်တွေလည်းဖြစ်နေပြန်တယ်။ အကယ်ဒမီမြို့မှာ ဝါးလုံးခေါင်းထဲဝင်အူနေကျဝံပုလွေတွေဟာ လူကြီးလူကောင်းအရေခြုံပြီးလမ်းသလားနေကြတယ်။ အကယ်ဒမီမြို့မှာ ကောင်းကင်တစ်ခုလုံးပျံဝဲနေတဲ့စိတ္တဇဆိုင်ရာ ခိုကိုးရာမဲ့မှုတွေလည်းရှိတယ်။ အကယ်ဒမီမြို့မှာ ဟုတ်ယောင်ထင်မှားမှုတွေထွန်းကားနေပြီး အိပ်မက်ဆိုတာ အဖတ်မတင်တဲ့သစ်သီးတစ်လုံးဖြစ်နေပြန်တယ်။ အကယ်ဒမီမြို့မှာ ပရဟိတဆိုတာ ဆေးဖက်ဝင်တဲ့မျက်နှာဖုံးလှလှဖြစ်တယ်။ အကယ်ဒမီမြို့မှာ ပေါ့ပျက်ပျက်အချစ်ဇာတ်လမ်းတွေရုံတင်နေတယ်။ အကယ်ဒမီမြို့မှာ လူကြမ်းတွေကတရားမဝင်တဲ့ဇာတ်လိုက်တွေဖြစ်တယ်။ အကယ်ဒမီမြို့မှာ ရူးနေတဲ့ဘီယာခွက်တွေထဲ ယင်ကောင်တွေကအပျံသင်နေကြတယ်။ အကယ်ဒမီမြို့မှာ အထီးကျန်မှုဟာ ကြက်ပျံမကျစည်ကားနေခဲ့တယ်။ အကယ်ဒမီမြို့မှာ ကိုယ့်နှလုံးသားကို ကိုယ့်ဓားနဲ့ပဲထိုးစိုက်မိခဲ့တယ်။ သက်သေခံပစ္စည်းကို ဖျောက်ဖျက်လို့မရတော့မှ ဓားရိုးမှာ မင်းအမည်ကိုထွင်းထားတာတွေ့လိုက်ရတယ်။ အကယ်ဒမီမြို့မှာ ရှင်သန်ရတာခက်ခဲသလိုလိုနဲ့ ဘယ်သူမှ လွယ်လွယ်နဲ့မသေဆုံးနိုင်ကြပြန်ဘူး။ အကယ်ဒမီမြို့မှာ တိမ်တွေလှလွန်းနေတာကတော့ တမြို့လုံးဟာ ငါတို့အိမ်ဖြစ်နေလို့ပါပဲ။ ၅.၇.၂၀၂၆ - Join Us @ MoeMaKa Telegram t.me@moemaka Please show your support, donate with Zelle Zelle to [email protected] "MoeMaKa Multimedia" Like and Subscribe MoeMaKa YouTube Channel youtube.com/@moemaka Like us on MoemaKa Facebook Follow us on X X.com/MoeMaKa #MoeMaKaMedia #WhatsHappeningInMyanmar