Post by Cherry Millar
Early Years Teacher
ကျွန်မတို့ နေ့စဉ်ဘဝမှာ "ရပါတယ်... ဒီလောက်ဆို တော်ပါပြီ" ဆိုပြီး အလုပ်တွေကို (First Draft) အဆင့်နဲ့တင် လက်စသတ်လိုက်မိတာမျိုး ဘယ်နှစ်ကြိမ်လောက် ရှိခဲ့ဖူးလဲ? ရုံးက Project တစ်ခု လုပ်တာပဲဖြစ်ဖြစ်၊ အိမ်က ဟင်းချက်တာပဲဖြစ်ဖြစ် "ပြီးပြီးရော" ဆိုတဲ့ စိတ်နဲ့ အပေါ်ယံပဲ လုပ်လိုက်မိတာမျိုး ကျွန်မတို့ ခဏခဏ ကြုံဖူးကြမှာပါ။ တာဝန်ကျေဖို့လောက်ပဲ တွေးပြီး လုပ်နေသရွေ့ "လက်ရာမြောက်တဲ့ ရလဒ်" တွေ ထွက်လာမှာ မဟုတ်ပါဘူး။ မကြာခင်က ပညာရေးသမား Ron Berger ရေးထားတဲ့ "An Ethic of Excellence" ဆိုတဲ့ စာအုပ်လေးကို ဖတ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ပြန်ဆင်ခြင်မိသွားပါတယ်။ စာရေးဆရာက ကျောင်းဆရာ မဖြစ်ခင်က ‘လက်သမားဆရာ’ တစ်ယောက်ပါ။ သူက ဘာပြောလဲဆိုတော့ - "လက်သမားကောင်းတစ်ယောက်ဟာ သူလုပ်တဲ့ ကုလားထိုင်၊ သူဆောက်တဲ့အိမ်ကို ဖြစ်ကတတ်ဆန်း မလုပ်ဘူး။ သူ့ရဲ့ အနုပညာလက်ရာတစ်ခုလို သေသပ်လှပအောင် စိတ်နှစ်ပြီး လုပ်တယ်" တဲ့။ ဒါကို "Craftsmanship" (လက်ရာမြောက်သူတို့ရဲ့ စိတ်ဓာတ်) လို့ ခေါ်ပါတယ်။ စာအုပ်ထဲက "Austin ရဲ့ လိပ်ပြာလေး" (Austin's Butterfly) ဆိုတဲ့ သာဓကတစ်ခုက ကျွန်မကို အတော်လေး ဆင်ခြင်မိစေတယ်။ အသက် ၆ နှစ်အရွယ် Austin လေးကို လိပ်ပြာရုပ်ပုံ ဆွဲခိုင်းတဲ့အခါ ပထမဆုံးအကြိမ်မှာ ကလေးကစားသလို ပုံကြမ်းလေးပဲ ထွက်လာပါတယ်။ (ပုံမှန်ဆိုရင်တော့ ကျွန်မတို့က 'တော်တယ်' လို့ပဲ အပေါ်ယံ ချီးကျူးပြီး သိမ်းလိုက်ကြမှာပါပဲ)။ ဒါပေမဲ့ ဆရာက အဲဒီလို မလုပ်ခဲ့ပါဘူး။ အတန်းထဲက သူငယ်ချင်းတွေနဲ့အတူ "Austin ရဲ့ လိပ်ပြာလေး ပိုလှလာအောင် ဘာတွေ ပြင်ပေးရမလဲ" ဆိုပြီး စနစ်တကျ အကြံဉာဏ် ပေးခိုင်းပါတယ်။ "ဒီဘက်တောင်ပံလေးကို ပိုချွန်ပေးပါ" "ဒီနားမှာ အစက်လေးတွေ ထည့်ပေးပါ" စသဖြင့်။ဝေဖန်တဲ့နေရာမှာလည်း "လှတယ်/မလှဘူး" လို့ ရမ်းတုတ်တာမျိုး မဟုတ်ဘဲ "Be Kind (ယဉ်ကျေးပါ)၊ Be Specific (တိကျပါ)၊ Be Helpful (အထောက်အကူပြုပါ)" ဆိုတဲ့ စည်းမျဉ်းကို သုံးပါတယ်။ အံ့ဩစရာကောင်းတာက Austin လေးဟာ သူငယ်ချင်းတွေရဲ့ ဝေဖန်ချက်ကို စိတ်မဆိုးဘဲ လက်ခံပြီး ပုံစံကြမ်းကို (၁) ကြိမ် မက၊ (၂) ကြိမ် မကဘဲ (၆) ကြိမ်တိုင်တိုင် ပြန်လည်မွမ်းမံပြီး ပြန်ဆွဲခဲ့တာပါ။ နောက်ဆုံးထွက်လာတဲ့ ၆ ကြိမ်မြောက် လိပ်ပြာပုံဟာ သိပ္ပံစာအုပ်ထဲကအတိုင်း အလွန်လက်ရာမြောက်ပြီး အဆင့်အတန်းမြင့်တဲ့ ပုံတစ်ပုံ ဖြစ်သွားခဲ့ပါတယ်။ ဒီသာဓကကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်မိတာ ရှိပါတယ် - ၁။ ကျွန်မတို့တွေဟာ 'ပထမဆုံးအကြိမ် ကြိုးစားမှု' နဲ့တင် တင်းတိမ်နေတတ်ကြတယ် ပထမတစ်ခေါက် လုပ်လို့ မကောင်းရင် "ငါနဲ့ မဆိုင်ပါဘူး၊ ငါက ပါရမီမပါဘူး" ဆိုပြီး လက်လျှော့တတ်ကြတယ်။ တကယ်တော့ ပါရမီထက် အရေးကြီးတာက "အကြိမ်ကြိမ် ပြန်ပြင်ဆင်တာ (Multiple Revisions)" ပါပဲ။ ၂။ အပြုသဘော ဝေဖန်ချက်တွေကို ကြောက်နေတတ်ကြတယ် တစ်ယောက်ယောက်က ကိုယ့်အလုပ်ကို လာဝေဖန်ရင် စိတ်ဆိုးတတ်ကြတယ်။ တကယ်တော့ တစ်ဖက်လူရဲ့ ရိုးသားပြီး တိကျတဲ့ အကြံဉာဏ်ဟာ Austin ရဲ့ လိပ်ပြာလေးကို ပိုလှစေသလိုမျိုး ကိုယ့်ရဲ့ အရည်အသွေးကို ပိုတက်လာစေတဲ့ 'ဆေးကောင်း' တစ်ခွက်ပါ။ ၃။ ကိုယ့်ပတ်ဝန်းကျင်မှာ "ပြီးစလွယ် ယဉ်ကျေးမှု" ကြီး စိုးမိုးနေတယ် လူတိုင်းက ပြီးပြီးရော လုပ်နေတဲ့ ဝန်းကျင်မှာ ကိုယ်လည်း ပြီးပြီးရော လိုက်လုပ်မိတတ်တယ်။ အဲဒီအစား "ပြီးစလွယ်လုပ်ရင် မရဘူး၊ အကောင်းဆုံးဖြစ်မှရမယ်" ဆိုတဲ့ စံနှုန်းတစ်ခုကို ကိုယ်တိုင်ကစပြီး တည်ဆောက်ယူရပါမယ်။ Everyone is not perfect but ဒါထက် ပိုကောင်းအောင် ပြန်ပြင်လို့ ရဦးမလား?" ဆိုတာပါပဲ။ ဘဝမှာ ကိုယ်လုပ်သမျှ အလုပ်တိုင်းဟာ ကိုယ်တိုင်ဂုဏ်ယူနိုင်တဲ့ "အနုပညာ လက်ရာမြောက်" အလုပ်မျိုး ဖြစ်လာအောင် အကြိမ်ကြိမ် ပြန်လည်မွမ်းမံပြီး ကြိုးစားသွားရဦးမယ်ရှင်။